လွန်ခဲ့သောနှစ်အနည်းငယ်က ဖြစ်ပါသည်။ ကျွန်တော်၏ခင်မင်ရသော သူငယ်ချင်းတစ်ယောက် ဆေးရုံတက်ရသဖြင့် ကျွန်တော် လူနာမေး သွားရသည်။ ကျွန်တော်နှင့် သူငယ်ချင်းနှစ်ယောက်ထဲ စကားပြောနေစဉ် ကျွန်တော် မသိသော ကျွန်တော့်သူငယ်ချင်း၏ မိတ်ဆွေတစ်ယောက် လူနာလာမေးသဖြင့် ကျွန်တော်သူငယ်ချင်းအနားမှ ခွာလိုက်ပြီး ဧည့်သည်ထိုင်သည့် ကုလားထိုင်တွင် သွားထိုင်နေလိုက်ပါသည်။
                
            သူငယ်ချင်းနှင့် သူ့မိတ်ဆွေတို့ ပြောနေကြသော စကားများအရ သူငယ်ချင်း၏မိတ်‌ဆွေမှာ အထည်ချုပ်လုပ်ငန်းကို လုပ်ကိုင်သူဖြစ်‌ကြောင်း သိရလာရပါသည်။ သူတို့နှစ်ယောက် သူငယ်ချင်း၏ ကျန်းမာရေးအခြေအနေအကြောင်း ပြောနေကြရာမှ နောက်ပိုင်းတွင် သူတို့နှင့်သိသော အခြားမိတ်ဆွေများအကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး အကြောင်းများ ပြောကြရာ နာရီဝက်ကျော်မျှ ကြာသွားခဲ့ပါသည်။ ထိုသို့ပြောနေကြစဉ် သူငယ်ချင်း၏ မိတ်ဆွေက သူငယ်ချင်းအား " ဒါနဲ့အစ်ကိုရေ ဒေါ်လာဈေးအခြေအနေ ဘယ်လိုရှိသလဲ" ဟုမေးလိုက်ပါသည်။

            ကျွန်တော့် သူငယ်ချင်းမှာ ဆေးနှင့် ဆေးပစ္စည်းကိရိယာများကို ပြည်ပမှ တင်သွင်းရသူ ဖြစ်ရာ ဒေါ်လာဈေးကို Up to date သိရှိသူဖြစ်သဖြင့် မေးခြင်းဖြစ်ပါသည်။ မေးမြန်းသူ သူငယ်ချင်း၏မိတ်ဆွေမှာလည်း ချုပ်ပြီးအထည်များကို ပြည်ပသို့တင်ပို့ပြီး ချုပ်ခရသောဒေါ်လာငွေများကို ပြည်တွင်းဒေါ်လာဈေးကွက်တွင် ရောင်းပြီး အမြတ်ဖေါ်ရသဖြင့် ဒေါ်လာဈေးနှင့် အမြဲတစေထိတွေ့ မှုမရှိသည့်တိုင် ဒေါ်လာဈေးကိုမူ အမြဲလိုလို နားစွင့်နေရသူ တစ်ဦးဖြစ်ပါသည်။

         ကျွန်တော်၏ သူငယ်ချင်းက ထိုမေးခွန်းကိုဖြေဖို့ အနည်းငယ်တုံ့ဆိုင်းသွားပြီးမှ ခင်ဗျားဒေါ်လာဈေးကိုသိချင်ရင် ဟိုမှာထိုင်နေတဲ့ ကျွန်တော့် သူငယ်ချင်းကို မေးပါဟု ပြောလိုက်သဖြင့် ထို‌မိတ်ဆွေမှာ ကျွန်တော်အနားရှိ ခုံတစ်လုံးတွင် လာထိုင်ပါသည်။ ထိုအခြေအနေရောက်သောအခါ ကျွန်တော့်သူငယ်ချင်းက ကျွန်တော်တို့ ၂ယောက်ကို မိတ်ဆက်ပေးပါသည်။ ကျွန်တော်က‌ ဒေါ်လာဈေးတက်ရန်ရှိနေကြောင်းကို အကျိုးအကြောင်းနှင့်တကွ ရှင်းပြလိုက်ပါသည်။ အဆိုပါမိတ်ဆွေက ကျွန်တော့ကို အဘယ့်ကြောင့် ထိုသို့‌ပြောနိုင်ပါသနည်းဟုမေးမြန်းပါသည်။

            ကျွန်တော်က ကျွန်တော်သည် Forex Trader တစ်ဦးဖြစ်ကြောင်း၊ ထို့ကြောင့် ကျွန်တော့်တို့၏ Trading ပညာဖြင့် ဈေးနှုန်းလားရာကို ပြောနိုင်ခြင်းဖြစ်ကြောင်း ရှင်းပြပါသည်။ သူကကျွန်တော်တို့၏ Trading အကြောင်းအတန်ငယ်သိထားပုံရပါသည်။ ပြီးနောက်သူက Forex Trading ဟာ Gambling ဆန်တယ်နော် ဟု ကျွန်တော့်ကို ပြောပါသည်။

        ကျွန်တော်က သူ့ကို ကျွန်တော်တို့၏ Trading အနှစ်သာရများ၊ သဘောသဘာဝများကို အရင်ရှင်းပြဖို့ မစဉ်းစားပါ။ ထိုသို့ရှင်းပြနေလျှင် ကျွန်တော်တို့၏ Trading သည် လောင်းကစားမဟုတ်ပါဟု ငြင်းဆိုနေသလိုမျိုးသာ ဖြစ်သွားနိုင်ပါသည်။

        ကျွန်တော်က သူ၏အထည်ချုပ်လုပ်ငန်းအကြောင်းနှင့် ၎င်းလုပ်ငန်း၏ Process များကိုကောင်းစွာ သိထားသူဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်ကသူ့ကို မေးခွန်းများ ပြန်မေးပါသည်။

        "ကဲ ! ဒါဆိုရင် ခင်ဗျားကိုကျွန်တော်တစ်ခု မေးပါမယ်။ ခင်ဗျား အခုလုပ်နေတဲ့အထည်ချုပ် လုပ်ငန်းကရော အမြတ်ရမှာ သေချာသိနေလို့ လုပ်နေတဲ့ အလုပ်ပါလား ခင်ဗျားရဲ့ စက်ရုံမှာ မီးမှန်မှန်လာမယ်၊ မလာဘူး ခင်ဗျားပြောနိုင်လား၊ မီးပြတ်လို့ မီးစက်သုံးရရင် ဒီဇယ်ဈေးက တက်မှာလား၊ ပုံမှန်အတိုင်းပဲရှိနေပါမလား၊ ချုပ်ရမဲ့ အထည်တွေကရော (နိုင်ငံခြား တိုင်းပြည်တွေက) ခင်ဗျားကို အော်ဒါမှန်မှန်ပေးပါ့မလား၊ ရပ်သွားရင် ခင်ဗျားဘယ်လိုလုပ်မလဲ၊ အလုပ်သမားဝန်ကြီးဌာန က အလုပ်သမားရေးရာ မူဝါဒတွေ ပြောင်းသွားရင်ရော ခင်ဗျားဘယ်လိုလုပ်မလဲ၊ အလုပ်သမားတွေကရော ခင်ဗျားစက်ရုံမှာ ဘယ်တော့မှ ဆန္ဒမပြပါဘူးလို့ ခင်ဗျားမှာ အာမခံချက်ရှိနေပါသလား၊ ခင်ဗျားအထည်တွေချုပ်ပြီးလို့ သင်္ဘောတင်ပြီးတဲ့အခါ အထည်ချုပ်ခ ဒေါ်လာငွေမရခင်လေးမှာ ပြည်တွင်းဒေါ်လာ လဲလှယ်နှုန်းက တက်မှာလား၊ ကျမှာလား၊ ဒီအတိုင်းပဲရှိနေမှာလား၊ ခင်ဗျားရဲ့လုပ်ငန်းအပေါ် ပြည်တွင်းအခွန်က ဒီနှစ်မှာ မနှစ်ကကောက်ခံခဲ့တဲ့ နှုန်းထက် ၂ဆ တိုးကောက်မှာလား၊ မနှစ်ကနှုန်းအတိုင်း ကောက်မှာလား၊ ဆိုတော့ကာ ခင်ဗျားရဲ့အလုပ်ကရော မှန်းဆပြီး လုပ်နေရတဲ့ အလုပ်ပဲမဟုတ်ဘူးလား။ လောင်းကစား မဆန်ဘူးလား"

        သူမဖြေနိုင်တော့ပါ။ "ဟုတ်တာပဲနော်" ဟူသော စကားတစ်လုံးသာ သူ့ဆီက ကြားရပါသည်။
မည်သည့် စီးပွားရေးလုပ်ငန်းမျှ တက်အပ်သေချာသည်ဟူ၍ မပြောနိုင်ပါ။ စွန့်စားရမှု အနည်းနှင့် အများတော့ ရှိကြပါသည်။ စီးပွားရေးလုပ်ငန်း အမျိုးအစား (၃) မျိုးရှိပါသည်။ ၎င်းတို့မှာ-
၁.ကုန်ထုတ်လုပ်မှုလုပ်ငန်း
၂.ကုန်သွယ်ရေးလုပ်ငန်း နှင့်
၃.ဝန်ဆောင်မှု လုပ်ငန်း ဟူ၍ ဖြစ်ကြပါသည်။

၎င်းလုပ်ငန်း (၃)မျိုးစလုံးပင် တူညီသော process များကို ထပ်ခါထပ်ခါ ပြုလုပ်ကြခြင်းဖြင့် အမြတ်ရအောင်ဆောင်ရွက်ကြခြင်းဖြစ်ပါသည်။

        ကျွန်တော်တို့၏ Tradingဆိုသည်မှာ အထက်က စီးပွားရေးလုပ်ငန်း(၃)မျိုးနှင့် သဘောသဘာဝခြင်း မတူပါ။ အရောင်းအဝယ်လုပ်ငန်းတော့ အရောင်းအဝယ်လုပ်ငန်းဖြစ်ပါသည်။ ကုန်သွယ်ရေး လုပ်ငန်းမဟုတ်ပါ။ လွန်ခဲ့သော ရှစ်နှစ်ခန့်က ကျွန်တော့်၏ Tradingကို ဘာသာပြန် စာအုပ် တစ်အုပ်ထဲ၌ ကုန်သွယ်ရေးဟူ၍ ဘာသာပြန်သည်ကို ဖတ်ရပါသည်။ မြန်မာပြည်က နာမည်ကြီး စာရေးဆရာ တစ်ဦးရေးသားထားသော ဘာသာပြန်စာအုပ် ဖြစ်ပါသည်။ ကျွန်တော်တို့၏ Trading ဆိုသည်မှာ Online ကိုအသုံးပြုပြီး အရောင်းအဝယ်ပြုလုပ်ခြင်းဖြစ်ပါသည်။ ဖုန်းဖြင့်လည်းကောင်း၊ Tablet ဖြင့်လည်းကောင်း၊ Laptop ဖြင့်လည်းကောင်း၊ Desktop ဖြင့်လည်းကောင်း အရောင်းအဝယ်ပြုလုပ်နိုင်ပါသည်။

         စနစ်တကျ သင်ကြားတတ်မြောက်ထားသော Trader တစ်ယောက်သည် နည်းစနစ်တကျ အရောင်းအဝယ်ပြုလုပ်မှာ ဖြစ်ပါသည်။ ပထမဦးစွာ (TA အမြင်မှ လည်းကောင်း၊ FA အမြင်မှ လည်းကောင်း) Analysis ပြုလုပ်မှာဖြစ်ပါသည်။ အခွင့်အလမ်းကို မတွေ့ရသေးလျှင် ငြိမ်နေမှာဖြစ်ပြီး၊ အခွင့်အလမ်းကို တွေ့ပါမှ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှာ ဖြစ်ပါသည်။ အခွင့်အလမ်းဆိုသည်မှာ ဘာတွေဖြစ်သနည်း ဆိုသည်မှာမူ Trader တစ်ယောက်နှင့်တစ်ယောက် မတူနိုင်ကြပါ။ ဈေးကွက်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် မိမိမျှော်မှန်း လားရာအတိုင်း ဈေးနှုန်းကမသွားပဲ ဆန့်ကျင်လာလျှင် ရှုံးလာမည့် အရှုံးကို ကာကွယ်ရန်အတွက် Stop Loss ကိုချထားရပါသည်၊ မိမိမျှော်မှန်းသည့် လားရာအတိုင် ဈေးနှုန်းက သွားပါက မည်သည့်နေရာတွင် အမြတ်ပိုင်းမည် (Take Profit ယူမည်) စသည်တို့ကို ချထားသတ်မှတ်ရပါသည်။ ပညာကို အားကိုးပြီး စနစ်တကျ အရောင်းအဝယ် ပြုလုပ်ကြခြင်းဖြစ်‌ပါသည်။ ပညာ၊ ကန့်သတ်ထားမှု၊ Risk Management တို့ကိုအသုံးပြုကာ စနစ်တကျ အရောင်းအဝယ်ပြုလုပ်ကြခြင်းဖြစ်ပါသည်။

         အတွေ့အကြုံ အနု၊ အရင့်၊ ပညာအနုအရင့်အလိုက် အမြတ်အနည်းအများ ရကြမှာဖြစ်ပါသည်။ (စာရှည်မည်စိုး သဖြင့်လည်းကောင်း၊ ရည်ရွယ်ချက်ပြောင်းသွားနိုင်ခြင်းကြောင့် လည်းကောင်း၊ ဤနေရာတွင် emotion ကြောင့် ရှုံးနိုင်ခြေ ရှိသည်ကို မည်ကဲ့သို့ ကာကွယ်ရမည်ကို ချန်လှပ်ထားခဲ့ပါသည်။)

          Trader တို့သည် ပညာအမျိုးမျိုး Strategy အမျိုးမျိုးတို့ဖြင့် အရောင်းအဝယ် ပြုလုပ်နေကြခြင်းဖြစ်ပါသည်။ အချို့ပညာတို့မှာ ဈေးကွက်ကို Analysis ပြုလုပ်တိုင်း အခွင့်အ‌လမ်းကို အမြဲမမြင်ရပါ၊ တခါတရံမှသာ မြင်ရပါသည်၊ အဆက်ပြတ်သော ပညာကြောင့်ဖြစ်ပါသည်။ အချို့ပညာတို့မှာ ဈေးကွက်အတွင်းဖြစ်ပေါ်နေသော အတက်အကျအခြေအနေ အားလုံးကို ဘာဖြစ်နေသည်၊ ဘယ်နေရာမှာဝင်ပြီး ဘယ်နေရာမှာ ပြန်ထွက်ရမည်ကို အစအဆုံးမြင်ရပါသည်။ စဉ်ဆက်မပြတ်ပြဆိုနိုင်သော ပညာကြောင့်ဖြစ်ပါသည်။ ၎င်းပညာတွင် Stop Loss လည်းမလိုတော့ပါ၊ TP လည်း ထားစရာမလိုတော့ပါ၊ မြင့်သောပညာ၊ အလယ်အလတ်နှင့် နိမ့်သော ပညာဟူ၍ ပညာတွင်လည်း အဆင့်ဆင့် ကွဲပြားတည်ရှိနေကြောင်း သိရှိထားရမှာဖြစ်ပါသည်။

        မည်မျှပင် ပညာကောင်းစေကာမူ အောင်မြင်သော Trader တစ်ယောက်ဖြစ်ရန် လေ့ကျင့်သားပြည့်ဝမှုနှင့် အတွေ့အကြုံအတွက် အချိန်လိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဈေးကွက်သည် ‌လှည့်စားတတ်သည်၊ မာယာများသည်၊ လျို့ဝှက်ထားသည်၊ ဖုံးကွယ်ထားတတ်သည့် သဘောသဘာဝများ ရှိနေခြင်းကြောင့်ဖြစ်ပါသည်။

        သို့ရာတွင် Trader တို့ထဲ၌ အထက်ကတင်ပြခဲ့သလို စနစ်တကျ Analysis မပြုလုပ်၊ အခွင့်အလမ်းဟု ထင်သည်နှင့် ရောင်းခလုတ်ကို နိုပ်လိုက်၊ ဝယ်ခလုတ်ကို နိုပ်လိုက်နှင့် တဇွပ်ဇွပ် ဝယ်လိုက်၊ရောင်းလိုက် လုပ်နေသည့် သူများလည်းရှိပါသည်။ ၎င်းတို့ကို Trader ဟုမခေါ်ဆိုနိုင်တော့ပါ။ အမှန်စစ်စစ်မူ ၎င်းတို့သည် Gambler များသာဖြစ်ကြပါတော့ သတည်း။


ဦးခိုင်ဇင်ဝင်း
25/10/2021ရက်နေ့
တနင်္လာနေ့

#MyGoldMyanmar
#Financial
#Trading
#Forex
#Stock
#Commodity
#Currency