အမေရိကန်နိုင်ငံ၏ငွေကြေးမှာ အမေရိကန်ဒေါ်လာဖြစ်သည်။ Symbol အားဖြင့် USD ဟုဖေါ်ပြသည်။ UKနိုင်ငံ၏ငွေကြေးမှာ ပေါင်စတာလင်ဖြစ်သည်။ Symbol အားဖြင့် GBP ဟုဖေါ်ပြသည်။ Great Bretain Pound ကို သင်္ကေတအဖြစ် ယူထားခြင်းဖြစ်သည်။

            ဆွစ်ဇာလန် နိုင်ငံ၏ ငွေကြေးမှာ Swiss Franc ဖြစ်သည်။ Symbol အားဖြင့် CHF ဟုဖော်ပြသည်။ CHF ၏အရှည်ကောက်မှာ Confederatio Helvetica Franc ဖြစ်သည်။ Confederatio Helvetica ဆိုသည်မှာ Latin ဘာသာဖြင့်ရေးသားထားခြင်းဖြစ်ပြီး Swiss Confederatio (ဆွစ်မဟာမိတ်) ဟုအဓိပ္ပာယ်ရပါသည်။ Swiss Franc (CHF) ငွေကြေးကို ဆွစ်ဇာလန် တနိုင်ငံတည်းသာ သုံးစွဲခြင်းမဟုတ်ပဲ အခြားနိုင်ငံအချို့တွင်ပါ သုံးစွဲနေခြင်းဖြစ်သဖြင့် ဤကဲ့သို အကောက်အယူ အဓိပ္ပါယ် ရခြင်းဖြစ်သည်။

စီးပွားရေး

             ဆွစ်ဇာလန်နိုင်ငံ၏ စီးပွားရေးသည် ကမ္ဘာပေါ်တွင် အတည်ငြိမ်ဆုံးဖြစ်သည်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများအပေါ်တွင် တည်မီ နေရမှုများရှိသည်။ အလုပ်လက်မဲ့နှုန်းမှာ 3% မျှသာရှိသည်။ နာရီများ၊ အထည်အလိပ်၊ စက်ပစ္စည်း ကိရိယာများ၊ ဓါတုဗေဒ ပစ္စည်းများနှင့် တကျစွာ တိုင်းတာနိုင်သော ကိရိယာများကို အဓိက ထုတ်လုပ်သည်။ လယ်ယာထွက်ကုန်ပစ္စည်းများ၊ သတ္ထုများ၊ ဓါတုဗေဒ ပစ္စည်းများ၊ နာရီနှင့် စက်ပစ္စည်းများ ကိရိယာများကိုပြည်ပသို့တင်ပိုသည်။ ယာဉ်၊ စက်ယန္တယားများ၊ အထည်အလိပ်(အချို့)နှင့် လယ်ယာထွက်ကုန် ပစ္စည်း(အချို့) တိုကို တင်သွင်းသည်။ ဆွစ်ဇာလန် နိုင်ငံတွင် ပြည်ပမှ လာရောက်လည်ပတ်ကြည့်ရှူစရာ နေရာများ လွန်စွာများပြားသည်။ ထိုကြောင့် ပြည်တွင်းခရီးသွားလုပ်ငန်း ကောင်းစွာ ဖွံဖြိုးတိုးတက်ပြီး ဝင်ငွေမြောက်များစွာရရှိသော လုပ်ငန်းဖြစ်သည်။ ဆွစ်ဇာလန် ဘဏ်များတွင် အပ်နှံမှု စုစုပေါင်း၏ 28% မှာပြည်ပမှ လာရောက်အပ်နှံထားခြင်းဖြစ်သည်။ ဆွစ်ဇာလန်သည် ကြားနေအယူဝါဒ ရှိသော (ဘက်မလိုက်) နိုင်ငံဖြစ်ပြီး ဥရောပ သမဂ္ဂ အဖွဲဝင်နိုင်ငံ တစ်နိုင်ငံ မဟုတ်ပေ။

Swiss Franc ငွေကြေး၏သမိုင်းကြောင်း

            1848 ခုနှစ် - ဆွစ်ဇာလန် ဗဟိုဘဏ်က Swiss Franc ငွေကြေးကို တရားဝင် ထုတ်ဝေမည် ဖြစ်ကြောင်း ကြေညာသည်။

            1850 ခုနှစ် - ပြင်သစ် Franc နှင့် တန်ဖိုးခြင်းတူညီသော ပထမဦးဆုံး Swiss Franc ကိုစတင်မိတ်ဆက်ခဲ့သည်။

            1865 ခုနှစ် - လက်တင်ငွေကြေးသမဂ္ဂအဖွဲဝင် ဖြစ်လာသည်။ ၎င်းသမဂ္ဂတွင် ပြင်သစ်၊ အီတလီ၊ ဆွစ်ဇာလန် နှင့် ဘယ်ဂျီယန်တို ပါဝင်သည်။ (၎င်း နိုင်ငံများအားလုံး Swiss France ကိုသုံးစွဲကြသည်။)

             1945 ခုနှစ်-Bretten Woods System တွင်ပါဝင်လာသည်။ အမေရိကန် 1$လျှင် 4.375 Franc ဖြင့်ချိတ်ဆက်သည်။

             2003ခုနှစ်မှ 2006ခုနှစ်အတွင်း Euro နှင့်ချိတ်ဆက်ရာတွင် Swiss Franc မှာတည်ငြိမ်လျက် ရှိသည်။

             2008 ခုနှစ် - Swiss Franc သည် အမေရိကန်ဒေါ်လာထက် တန်ဖိုး မြင့်တက်ခဲ့သည်။

             2010 ခုနှစ် - ၉ကြိမ်မြောက် အသစ်ထုတ်ဝေသော Franc ကိုမိတ်ဆက်ခဲ့သည်။

            အထက်ပါနိုင်ငံ ၄ နိုင်ငံအသုံးပြုလျက်ရှိသော Swiss Franc သည် 1920 ပြည့်လွန်နှစ်များအထိ ၎င်း၏တန်ဖိုးကို ငွေစင်(Silver) ၏ တန်ဖိုးအပေါ်တွင် ချိတ်ဆက်ထားခြင်းဖြစ်သည်။ တဖန် 2000 ပြည့်နှစ် မေလ မတိုင်မီ အထိ Swiss Franc ၏တန်ဖိုးမှာ ရွှေ (Gold) ၏တန်ဖိုးနှင့် ချိတ်ဆက်ထားခဲ့ခြင်းဖြစ်သည်။

Swiss Franc နှင့် ၎င်း၏ငွေကြေးမူဝါဒ

            ဆွစ်ဇာလန်နိုင်ငံ ဗဟိုဘဏ်၏ zero-inflation policy ကြာရှည်စွာ ရပ်တည်နေနိုင်ခြင်းနှင့် ဆွစ်ဇာလန် နိုင်ငံ၏ တည်ငြိမ်သော နိုင်ငံရေးအခြေအနေများက CHFကို တည်ငြိမ်သော အင်အားကြီးငွေမာတစ်ရပ်အဖြစ် ရပ်တည်နေ‌စေနိုင်ခြင်းဖြစ်သည်။ 2008ခုနှစ်တွင် ကမ္ဘာ၌ ငွေကြေးအကြပ်အတည်း ပေါ်ပေါက်လာသောအခါ ဥရောပ၌ ကြွေးမြီ အကြပ်အတည်းကြီးသည် ပေါက်ကွဲထွက်ခဲ့ပေတော့သည်။ ထိုအခြေအနေတွင် CHF မှာ လွတ်မြောက်ရာ ကောင်းကင်ဘုံ ဖြစ်လာသည်။ ကမ္ဘာတွင် နိုင်ငံရေးနှင့် စီးပွားရေး ကသောင်းကနင်း ဖြစ်ပေါ်ချိန်များတွင် CHF သည်တည်ငြိမ်နေလေ့ရှိသည်။ ထိုအခြေအနေတွင် CHF ကိုကိုင်ဆောင်ထားသူသည် ငွေတန်ဖိုး ကျဆင်းခြင်း ဒါဏ်ကိုမခံစားရဟု ဆိုလိုပေသည်။ (ဤသည်ကို CHF သည်ကမ္ဘာ အရန်ငွေကြေးဖြစ်သည် ဟူ၍တော့ မှတ်ယူရန် မဟုတ်ပါပေ။)

            ဆွစ်အမျိုးသားဘဏ်(SNB) သည် 2011 ခုနှစ် စက်တင်ဘာလတွင် တက်ကြွသော ငွေကြေးမူဝါဒ တစ်ရပ်ကို စတင်မိတ်ဆက်ခဲ့သည်။ ၎င်းမူဝါဒ ၏ရည်ရွယ်ချက်မှာ ၎င်း၏အတိုးနှုန်းကို လျှော့ချခြင်းအားဖြင့် Euro ငွေကြေးနှင့် ယှဉ်လျှင် CHF ၏တန်ဖိုးကို လျှော့ကျစေရန် ဖြစ်သည်။ ဈေးကွက်ကို ဝင်ရောက်စွက်ဖက်သော မူဝါဒပင်ဖြစ်သည်။

            2014ခုနှစ် ဒီဇင်ဘာတွင် SNB သည် negative interest rates policy ကိုအတည်ပြုခဲ့သည်။ သိုရာတွင် CHF တန်ဖိုးသည် ကျဆင်းမသွားသည့် အပြင် ဆက်လက်၍ပင် မာမြဲ မာဆဲ ရှိနေသည်။ Swiss Stock များ၏တန်ဖိုးတို့ ထိုးစိုက်ကျဆင်းကုန်သည်။ EUR/CHF ဈေးကွက်တွင် မိနစ်ပိုင်းအတွင်း CHF တန်ဖိုးက 30% နီးပါးဈေးတက်သွားသည်။ ရင်းနှီးမြုပ်နှံသူအချို့ ၊ ကုမ္ပဏီ အချို့ ပျက်သုန်းသွားတော့သည်။

            SNB ၏ဆောင်ရွက်ချက်မှာ ဆွစ်ဇာလန် နိုင်ငံအတွင်း အကြီးအကျယ်အငြင်းပွားစရာဖြစ်လာသည်။ ရင်းနှီးမြုပ်နှံသူများနှင့် စီးပွားရေး ပညာရှင်များက SNB ၏ policy အတည်ပြုခဲ့မှုကို အကြီးအကျယ် ဆန့်ကျင်လာကြသည်။ ၎င်း Policyကို ရုပ်သိမ်းပစ်ဖို့ ကြိုးပမ်းလာကြသည်။ ပြည်ပနိုင်ငံအချို့၏ အနီးကပ်စောင့်ကြည့်နေမှုအပြင် ပြည်တွင်းအင်အားစုများ၏ တုန့်ပြန်ဆောင်ရွက်လာမှုများကြောင့် နောက်ဆုံးတွင် SNB သည် ၎င်း၏ဈေးကွက် အပေါ်ဝင်ရောက်စွတ်ဖက်သော မူဝါဒကိုစွန့်လွှတ်ကြောင်းနှင့် သမာရိုးကျ ဈေးကွက်ကို လွတ်လပ်စွာ လွှတ်ပေးထားမည့် မူဝါဒကိုသာ ကျင့်သုံးတော့မည်ဖြစ်ကြောင်း ကြေညာခဲ့ရပေတော့သည်။

            CHF ကို နိုင်ငံခြားငွေကြေးဈေးကွက်တွင်သာမက Futures market တွင်လည်း ပုံမှန်ရောင်းဝယ်လျက် ရှိပေသည်။ လူသိများသော ဈေးကွက်မှာ EUR/CHF ဖြစ်သည်။ သို့ရာတွင် USD/CHF, GBP/CHF, CHF/JPY ဈေးကွက်တို့တွင်လည်း သွက်လပ်စွာရောင်းဝယ်လျက်ရှိပေသည်။

            ဆွစ်ဇာလန်သည် နိမ့်ပါးသော အတိုးနှုန်း Policy ကိုကျင့်သုံးသည်။ ထိုကြောင့် ရင်းနှီးမြုပ်နှံသူများအနေဖြင့် CHF ကိုချေးယူပြီး ပြန်ရချက်မြင့်မားသော assets များနှင့် အခြားသော Currencies များတွင် ရင်းနှီးမြုပ်နှံမှုပြုနေကြပေသည်။

            နိုင်ငံတစ်နိုင်ငံ၏ ငွေကြေးတန်ဖိုးတည်ငြိမ်နေလျှင် အဆိုပါနိုင်ငံ၏ စီးပွားရေးသည်လည်း တည်ငြိမ်နေမှာဖြစ်သည်။ ငွေကြေးတန်ဖိုးတည်ငြိမ်နေမှုကြောင့် ကုန်ဈေးနှုန်းများတည်ငြိမ်နေမည်။ နိုင်ငံခြားသို့ ပိုကုန်လုပ်ငန်းနှင့် နိုင်ငံခြားမှ တင်သွင်းကုန်လုပ်ငန်းများ မျှခြေအနေအထား၌ ရှိနေမည်။ ထိုကြောင့်နိုင်ငံတိုင်းသည် ၎င်းတို့၏ ငွေကြေးတန်ဖိုးကို တည်ငြိမ်နေစေလိုကြသည်။ တည်ငြိမ်နေအောင် ထိန်းသိမ်းဖို့ ကြိုးပမ်းကြသည်။

             ထိုကဲ့သို့ ကြိုးပမ်းကြသော်လည်း ငွေကြေးတန်ဖိုးကို နှစ်အနည်းငယ်သာ တည်ငြိမ်နေအောင် ကြိုးပမ်းနိုင်ကြသည်။ ကာလကြာရှည် နှစ်ရှည်လများ ငွေကြေးတန်ဖိုး တသတ်မတ်တည်းနီးပါးဖြစ်အောင် မည်သည့်နိုင်ငံမျှ မဆောင်ရွက်နိုင်ကြချေ။

            အောက်ပါပုံ(၁) သည် EUR/CHF ၏ Weekly Chart ဖြစ်သည်။ EUR နှင့် CHF တို့၏ လဲလှယ်နှုန်းတန်ဖိုးသည် 2011 ခုနှစ် အောက်တိုဘာလမှ 2015 ခုနှစ် ဇန်နဝါရီလ အထိ ကျဉ်းမြောင်းသော range ဘောင်အတွင်း သွားနေခဲ့သည်။ (ထိန်းထားခြင်းဖြစ်သည်) သို့ရာတွင် 2015ခုနှစ် ဇန်နဝါရီလ ၁၅ ရက်‌နေ့သို့ ရောက်သောအခါ ပုံပါအတိုင်းပြုတ်ကျသွားတော့သည်။ CHF၏ မိနစ်ပိုင်းအတွင်း 30% မှာ တန်ဖိုးတက်သွားခြင်း (ငွေမာသွားခြင်း) ဖြစ်သည်။ ထိုကာလ မတိုင်မီရော၊ ထိုကာလနောက်ပိုင်း‌တွင်ရောပါ အဆိုပါငွေကြေးအတွဲသည် Volatile ဖြစ်ပေါ်နေခဲ့ကြောင်း တွေ့ရမှာဖြစ်သည်။

             တဖန် CHF ၏ Index ၏ Monthly Chart (ပုံ-၂)ကို လေ့လာကြည့်လျှင်လည်း 2008 ခုနှစ် ဇန်နဝါရီလ၊ 2011 ခုနှစ် ဩဂုတ်လ၊ 2015ခုနှစ် ဇနဝါရီလ၊ 2020 မတ်လတို့တွင် လွန်မင်းစွာ ဈေးထိုးတက်ခဲ့မှုများ ရှိကြောင်း တွေ့ရမှာဖြစ်သည်။

             CHF သည် ကမ္ဘာ့ငွေကြေးများအတွင်း တည်ငြိမ်မှုအရှိဆုံးသော ငွေကြေးဖြစ်သည့်တိုင်အောင် ၎င်း၏ငွေကြေးတန်ဖိုးကို တသတ်မတ်တည်း လိုလို ထိန်းထား၍ မရနိုင်ကြောင်းတွေ့ရမည်ဖြစ်သည်။

            ဤဆောင်းပါးက အနှစ်ချုပ်တင်ပြလိုသည်မှာ ကမ္ဘာ့ မည်သည့် ငွေကြေးမဆို နှစ်ရှည်လများ တန်ဖိုးတည်ငြိမ်နေအောင် ဆောင်ရွက်နိုင်ခြင်း မရှိဟူသော အချက်ပင်ဖြစ်သည်။ (ဤသည်ကို ထင်ရှားစေသောငှာ ကမ္ဘာ့အတည်ငြိမ်ဆုံး ငွေကြေး CHF ကို နမူနာယူ တင်ပြခဲ့ခြင်းဖြစ်သည်။) ဤသို့ဖြစ်ရသည်မှာ မေခရို အကောက်အယူတို့၏ ဆီးဆော ပုံသဏ္ဍာန် ၊ နှစ်ဖက်ဓါးသွား ပုံသဏ္ဍာန် အကောက်အယူတို့ကြောင့်ဖြစ်သည်။

            ငွေကြေးတန်ဖိုးတို့၏ အလှုပ်အခတ် အတက်အကျကြမ်းမှုတို့ကို မည်သည့်နိုင်ငံမဆို ကြုံတွေ့ရနိုင်ပြီး လွန်ကဲသော Hyper Inflation မျိုး ဖြစ်ပေါ်မလာရအောင်တော့ အထူးကြိုးပမ်းအားထုတ်သွားရမှာ ဖြစ်ပါကြောင်း။


ဦးခိုင်ဇင်ဝင်း

13.12.2021 ရက်နေ့

တနင်္လာနေ့

#MyGoldMyanmar

#Financial

#Trading

#Forex

#Stock

#Commodity

#Currency

ပုံ(၁)

ပုံ(၂)