ဝီကီကပြောသော Fed ဥက္ကဌ ပေါင်းဝဲလ်

     ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဂျရုမ်း ပေါင်းဝဲလ် (Jerome Powell) သည် အမေရိကန် ဗဟိုဘဏ် (Federal Reserve) ၏ ၁၆ ယောက်မြောက် ဥက္ကဌအဖြစ် စတင်ဆောင်ရွက်ခဲ့ပါသည်။ သူ့ကို သမ္မတ ဒေါ်နယ်ထရမ့်က အမည်စာရင်းတင်သွင်းပြီး အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်က အတည်ပြု ပေးခဲ့ပါသည်။ ရီဘာပလစ်ကန် ပါတီဝင်ပေါင်းဝဲလ်ဟာ ဇနီးနှင့် သားသမီး သုံးယောက်ရှိပြီး ရာထူးလက်ခံချိန်တွင် ကြွယ်ဝမှုအစုစုမှာ အမေရိကန်ဒေါ်လာ ၅၅ သန်း ရှိပါသည်။

အစောပိုင်း ဘဝ

     ပေါင်းဝဲလ်ကို ၁၉၅၃ ခု ဖေဖော်ဝါရီ ၄ ရက် ဝါရှင်တန်ဒီစီတွင် မွေးဖွားခဲ့ပြီး အမည်ရင်းမှာ Jerome Hayden "Jay" Powell ဖြစ်ပါသည်။ အမိ ပက်ထရစ်ရှာနှင့် အဖ ဂျရုမ်း ပေါင်းဝဲလ် တို့၏ သားသမီး ၆ ဦး အနက် ၁ ဦး ဖြစ်သည်။ သူ၏ အဘိုး (အမေ၏အဖေ) သည် အမေရိကန် ကက်သလစ်တက္ကသိုလ် ကိုလံဘတ် ဥပဒေကျောင်း၏ မဟာဌာနမှူး ဖြစ်သည့် အပြင် ဂျော့တောင်း ဥပဒေကျောင်း ၏ ကထိက တယောက်လည်း ဖြစ်ပါသည်။ သူသည် ၁၉၇၅ တွင် ပရင်စတန် တက္ကသိုလ်မှနိုင်ငံရေးဘွဲ့ရရှိခဲ့ပြီး ၁၉၇၉ တွင်ဂျော့တောင်းတက္ကသိုလ်ဥပဒေစင်တာမှ Juris Doctor အဖြစ်ရရှိခဲ့သည်။ ဂျော့တောင်း ဥပဒေဂျာနယ်တွင် အယ်ဒီတာချုပ် အဖြစ်လည်း လုပ်ကိုင်ခဲ့သည်။

လုပ်ငန်းအတွေ့အကြုံများ

     သူသည် ၁၉၇၉ ခုနှစ် ဒေါက်တာဘွဲ့ရပီးနောက် ရှေ့နေအဖြစ် လုပ်ကိုင်နေရာမှ ၁၉၈၄ ခုနှစ်တွင်ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းသို့ပြောင်းရွှေ့ခဲ့ပြီးငွေကြေးအဖွဲ့အစည်းအတော်များများတွင်အလုပ်လုပ်ကိုင်ခဲ့သည်။ ၁၉၈၄ မှ ၁၉၉၀ အထိ ပေါင်းဝဲလ် သည်ရင်းနှီးမြှုပ်နှံမှုဘဏ်ဖြစ်သော Dillon, Read & Co တွင်အလုပ်လုပ်ကိုင်ခဲ့ပြီး ဘဏ်၏ ဒုတိယဥက္ကဌ အထိ ရာထူးတိုးမြင့်ခဲ့သည်။ ၁၉၉၀ မှ ၁၉၉၃ ခုနှစ်အတွင်းမှာတော့ အမေရိကန် ဘဏ္ဏာရေး ဝန်ကြီးဌာနမှာ သူ့ဆရာနှင့်အတူ သွားရောက်လုပ်ကိုင်ခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ သမ္မတ ဂျော့ချ်အိပ်ချ် ဒဗလျူဘုရှ်၏ အမည်စာရင်းတင်သွင်းမှုကြောင့် ဘဏ္ဏာရေးဝန်ကြီးဌာန လက်ထောက်အတွင်းရေးမှူးအဖြစ် ခေတ္တတာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၃ တွင် ပေါင်းဝဲလ် သည် Bankers Trust ၏မန်နေးဂျင်းဒါရိုက်တာအဖြစ်စတင်လုပ်ကိုင်ခဲ့သည်။ သို့သော်ဖောက်သည်အများအပြားသည် ကြီးမားသောဆုံးရှုံးမှုများခံစားခဲ့ရသောကြောင့်ဘဏ်ပြသနာတက်ပြီးနောက် ၁၉၉၅ ခုနှစ်တွင်သူနုတ်ထွက်ခဲ့သည်။ ထို့နောက်သူသည် Dillon, Read & Co. အတွက်အလုပ်ပြန်လုပ်ခဲ့သည်။ ၁၉၉၇ မှ ၂၀၀၅ ခုနှစ်အတွင်း ပေါင်းဝဲလ် သည် Carlyle Group တွင် ရှယ်ယာဝင်တဦး ဖြစ်လာခဲ့ပြီး Carlyle U.S. Buyout Fund အမည်ရှိ စက်မှုလုပ်ငန်း ရံပုံငွေအုပ်စုကို တည်ထောင်ကာ ဦးစီးလုပ်ကိုင်ခဲ့သည်။ Carlyle မှထွက်ခွာပြီးနောက် ပုက္ကလိကပိုင်ဆိုင်မှု နှင့် ရင်းနှီးမြုပ်နှံမှုများ ဖိတ်ခေါ်သည့် Severn Capital Partners ကိုတည်ထောင်ခဲ့ပြီး စီမံအုပ်ချုပ်မှု ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၀၀၈ တွင် သူသည်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစွမ်းအင်တွင်ရင်းနှီးမြှုပ်နှံသည့်ပုဂ္ဂလိကရှယ်ယာနှင့်အကျိုးတူအရင်းအနှီးကုမ္ပဏီဖြစ်သော Global Environment Fund ၏စီမံခန့်ခွဲမှု ဒါရိုက်တာဖြစ်လာခဲ့သည်။ သူသည် ၂၀၁၁ ခုနှစ်အမေရိကန်ပြည်ထောင်စု၏ကြွေးမြီအကျပ်အတည်းကာလအတွင်းအမေရိကန်ပြည်ထောင်စု၏ကြွေးမြီပမာဏကိုမြှင့်တင်ပေးရန်ကွန်ဂရက်စ်အားတောင်းဆိုလုပ်ကိုင်ခဲ့သည်။ ထိုကာလအတွင်း သူသည် လုပ်ခလစာ တစ်နှစ်လျှင် ၁ ဒေါ်လာဖြင့် ဆောင်ရွက်ပေးခဲ့သည်။

Fed Governor အဖြစ် ကြမ်းသစ္စာ ကျိန်ဆိုနေစဉ်

     အမေရိကန် ဗဟိုဘဏ်၏ အုပ်ချုပ်ရေးမှုးများ ဘုတ်အဖွဲ့တွင် ပါဝင်လာခြင်း အကြပ်အတည်းကာလအတွင်း ပေါင်းဝဲလ်၏ နိုင်ငံ့အပေါ်ဆောင်ရွက်မှုများကြောင့် ၂၀၁၁ ဒီဇင်ဘာလတွင် သမ္မတ ဘာရက်အိုဘားမားက ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးအဖွဲ့တွင် အမည်စာရင်းတင်သွင်း ခဲ့ပါသည်။ ၂၀၁၂ ခုနှစ် မတ်လ ၂၅ ရက်နေ့မှာတော့ ပေါင်းဝဲလ်ဟာ Fed Governor တယောက် ဖြစ်လာခဲ့ပါသည်။ ဒါဟာအမေရိကန် သမိုင်းမှာ ၁၉၈၈ နောက်ပိုင်း ပြိုင်ဘက်ပါတီဝင်တဦးကို ပထမဆုံး ရာထူးကြီး ပေးခဲ့မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။ ၂၀၁၄ ခုနှစ်ဇန်နဝါရီလတွင်သူသည်နောက်ထပ်သက်တမ်းအတွက်အမည်စာရင်းတင်သွင်းခံရပြီး၊ ၂၀၁၄ ခုနှစ်၊ ဇွန်လတွင်အမေရိကန်ပြည်ထောင်စုဆီးနိတ်လွှတ်တော်မှ ၂၀၂၈၊ ဇန်နဝါရီလ ၃၁ ရက်တွင်အဆုံးသတ်မည့် ၁၄ နှစ်သက်တမ်းအတွက် ၆၇-၂၄ မဲဖြင့်အတည်ပြုခဲ့ပါသည်။ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးများအနက် ကြွယ်ဝမှုအများဆုံးလည်း ဖြစ်ပါတယ်။

Fed ဥက္ကဌ ဘဝ

     ဥက္ကဌ ဖြစ်ပြီးနောက်ပိုင်း ထရမ့်နဲ့အတူ အမေရိကန် စီးပွားရေးပိုမိုကောင်းမွန်လာစေရန် အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ပါသည်။ သို့ရာတွင် ပေါင်းဝဲလ်အတွက် အကြီးဆုံး စိန်ခေါ်မှုမှာလည်း ထရမ့်ပင် ဖြစ်နေပါသည်။ ၂၀၁၈ ခုနှစ်အထိ စီးပွားရေးနဲ့အတူ တိုးတက်လာတဲ့ ငွေကြေးဖောင်းပွမှုကို ထိန်းကြောင်းရန် အတွက် အတိုးနှုန်းများကို တဆင့်ပြီးတဆင့် တင်လာခဲ့ပါသည်။ ထရမ့်က သူ့ကိုရွေးမိတာ နောင်တရသလို ဖြစ်နေကြောင်း ဝေါစထရိဂျာနယ်၏ အင်တာဗျူးတွင် ဖော်ပြခြင်း ခံခဲ့ရသည်အထိ ဝေဖန်မှုတွေ ပြင်းထန်လာခဲ့ပေမယ့် သူကတော့ ဗဟိုဘဏ်သည် ဘက်မလိုက်ခြင်း နှင့် နိုင်ငံရေးအရိပ်မှ လွတ်ကင်းခြင်း သည် အဓိကဖြစ်ကြောင်းသာ ပြန်လည် တုန့်ပြန် ခဲ့ပါသည်။

ပေါင်းဝဲလ်ရဲ့ အကြီးမားဆုံး စိန်ခေါ်မှု စီးပွားရေး အတွေးအခေါ်

     ငွေကြေးဆိုင်ရာ မူဝါဒနှင့် ပါတ်သက်ပြီး ၂၀၁၇ မတ်လတွင် စီးပွားရေးပညာရှင် ၃၀ ၏ စစ်တမ်းတခုမှာ ဖော်ပြထားတာကတော့ ပေါင်းဝဲလ်သည် မူဝါဒပိုင်း မဆိုစလောက် အားပျော့သည်ဟု ဆိုသော်လည်း ဘလွန်းဘတ်နှင့် အခြားအဖွဲ့အစည်းများက သူသည် ကြားနေဝါဒ တယောက်သာ ဖြစ်သည်လို့ ဆိုပါသည်။ ပြင်လွယ် ပြောင်းလွယ် ရှိသူ တယောက်ဖြစ်တယ်ဆိုတာ Fed ရဲ့ အတိုးနှုန်း အပြောင်းအလဲတွေကို ကြည့်ပြီး သိရှိနိုင်ပါသည်။ ၂၀၁၈ အထိ စီးပွားတက်မှာ အတိုးတက်ခဲ့ပြီး ၂၀၁၉ ကိုဗစ် စိန်ခေါ်မှုကာလ အစမှာကတည်းက အတိုးလျော့ချခဲ့တာကို တွေ့ရမှာပါ။ လတ်တလော မူဝါဒပိုင်းမှာ အတိုးနှုန်းမြင့် ဘွန်းစာချုပ်များကို အမြောက်အများ ဝယ်ယူပေးခဲ့ပါသည်။ ဘဏ္ဌာရေးစည်းမျဉ်း ဥပဒေများနှင့်ပါတ်သက်ပြီး ၂၀၁၈ အထက်လွှတ်တော်မှာ ဘဏ်လုပ်ငန်းကော်မတီရဲ့ မေးမြန်းချက်များမှာ စားသုံးသူအကွာအကွယ်ပေးရေး ဥပဒေကို ပိုမိုထိရောက်စွာ လုပ်ဆောင်သင့်ကြောင်း ဖြေကြားပီး ထောက်ခံပေးခဲ့ပါသည်။ ဘဏ္ဏာရေးစည်းမျဉ်း ဥပဒေပါ ဘဏ်ငယ်များအပေါ် စည်းကမ်းတင်းကြပ်မှု ကိုလည်း ပြန်လည်စဉ်းစားသင့်ကြောင်း လွှတ်တော်မှာ အကြံပြုခဲ့ပါတယ်။ အိမ်ယာကဏ္ဏ ဘဏ္ဌာရေးပြုပြင်ပြောင်းလဲမှု အနေဖြင့် အတိတ်၏အမှားများကို သင်ခန်းစာယူပြီး လက်ရှိတွင် အကောင်းဆုံးပြင်ဆင်သွားရန် ပေါင်းဝဲလ် အနေဖြင့် ဆန္ဒရှိပါသည်။ ဒါ့အပြင် အစိုးရ၏ ပျက်ကွက်မှုများကိုလည်း ထောက်ပြခဲ့ပြီး လက်ရှိ ချေးငွေဆိုင်ရာ စံသတ်မှတ်ချက်များသည် တင်းကျပ်လွန်းကြောင်း ပုဂ္ဂလိက ကဏ္ဏကို အားပေးအရင်းအနှီးများ ထောက်ပံ့ပေးခြင်းဖြင့် အားပေးကူညီနိုင်မည် ဖြစ်ကြောင်း မိန့်ခွန်းများတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

လွှတ်တော်ရဲ့ မေးခွန်းများကို ဖြေကြားနေတဲ့ ပေါင်းဝဲလ်

     မည်သို့ပင်ဖြစ်စေကာမူ အမေရိကန် ဗဟိုဘဏ်ဥက္ကဌတစ်ယောက်ရဲ့ ကိုယ်ရေးအကျဉ်းမျှ သိရှိထားခြင်းသည် Financial Market ထဲတွင် လုပ်ကိုင်နေသူ တဦးအတွက်သူ၏ ကိုယ်ရည်ကိုယ်သွေးနှင့် ဆုံးဖြတ်နိုင်စွမ်းတို့သည် Fundamental ဆိုင်ရာ အချက်အလက် အထောက်အပံ့ တစ်ခုဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။ ပေါင်းဝဲလ်သည် ၁၉၈၅ အိမ်ထောင်ကျပြီးချိန်မှ စပြီး မိသားစုနှင့်အတူ မေရိလန်းရှိ နေအိမ်တွင် နေထိုင်ရင်း နိုင်ငံ့တာဝန်များကို ထမ်းဆောင်လျက် ရှိနေပါသည်။ ရောင်းကံဝယ်ကံ ကောင်းကြပါစေ

#NotesOfSayaHtet #BiographySeries #Powell #FedChair