ဤ ၂၁ ရာစုတွင် နေထိုင်လျက်ရှိသော သင့်အဖို့ တချိန်သောအခါက အင်္ဂလန်ဘဏ်ကြီးကို ရိုက်ချိုးခဲ့သည့် သူတစ်ယောက်အကြောင်း ကြားဖူးချင်လည်း ကြားဖူးလိမ့်မည်။ ကြားဖူးချင်မှလည်း ကြားဖူးချင်လိမ့်မည်။ သို့ရာတွင် ဤဖြစ်ရပ်သည် အမှန်တကယ်ပင် ဖြစ်ခဲ့ဖူးသည်။ ဖြစ်ရပ်ကိုဖန်တီးခဲ့သူကား အမေရိကန် ဒေါ်လာ ၈ ဘီလျံ ကြွယ်ဝချမ်းသာသည့် ဘီလျံနာ သူဌေးကြီး ဂျော့ဆိုးရောစ့်ဆိုသူပင်ဖြစ်သည်။

         သူသည်မည်သို့သောအခါကမှ Scapling Trading Strategy, Day Trading Strategy တို့ကိုအသုံးပြုပြီး အရောင်းအဝယ် မပြုလုပ်ခဲ့ပေ။ သူအစဉ်အမြဲလက်ကိုင် ပြုကျင့်သုံးလာခဲ့သည့် Strategy မှာ Position Trading Strategy သာဖြစ်ပေသည်။ (Scapling ဆိုသည်မှာ တစ်နေ့တာအတွင်း ဈေးကွက်အတွင်းသို့ အကြိမ် ၂၀၊၃၀ မျှ ဝင်လိုက်ထွက်လိုက်ဖြင့် အရောင်းအဝယ်ပြုသော နည်းလမ်းဖြစ်ပါသည်။ Day Trading ဆိုသည်မှာ တစ်နေ့တာအတွင်း ဈေးကွက်အတွင်းသို့ တစ်ကြိမ်၊ နှစ်ကြိမ် ဝင်ရောက် အရောင်းအဝယ်ပြုလုပ်သော နည်းလမ်းဖြစ်သည်။ Day Trading သည် တစ်နေ့တာအတွင်းအရောင်းအဝယ်ပြုလုပ်သမျှ နေ့မကူးမီ ဈေးကွက်အတွင်းမှ ပြန်ထွက်သွားလေ့ရှိသည်။ Positin Trading ဆိုသည်မှာ အရောင်းအဝယ်တစ်ခုသည် ရက်သတ္တပါတ်၊ တစ်လ၊ နှစ်လ မှ တစ်နှစ်၊ နှစ်နှစ် မျှကြာတတ်သည့် အရောင်းအဝယ်အမျိုးအစားဖြစ်သည်။ စာရေးသူ)

         ဂျော့ဆိုးရောစ့်သည် ကမ္ဘာ့အအောင်မြင်ဆုံး Forex Trader ၁ဝ ယောက်တွင် ယခုအထိတိုင်အောင် နံပါတ် ၁ နေရာတွင်ရပ်တည်နေဆဲဖြစ်သည်။

         ယခုဆောင်းပါးမှာ ဂျော့ဆိုးရောစ့်၏ ဘဝအကြောင်းအပြည့်အစုံ ဖော်ပြမည့်ဆောင်းပါးနေတာ့မဟုတ်ပါ။ မြန်မာပြည် Trading လောကမှ လူအများ ဂျော့၏ Trader ဘဝတစ်စေ့တစ်စောင်းကို ဗဟုသုတဖြစ်ဖွယ် သိရှိရလေအောင်ဖော်ပြမှာဖြစ်သည်။

         ရှေ့တွင် ဂျော့ဆိုးရောစ့်၏အမည်ကို ဂျော့ဟူ၍သာဖော်ပြပေးသွားမှာဖြစ်သည်။


ငယ်ဘဝ -

        ဂျော့ကို ဟန်ဂေရီနိုင်ငံ၏မြို့တော် ဘူဒါပက်စ်တွင် ဂျူး မိခင်ဖခင်တို့မှ ၁၉၃ဝပြည့်နှစ် သြဂုတ် ၁၂ရက်နေ့တွင်မွေးဖွားခဲ့သည်။ ဒုတိယ မြောက်သားဖြစ်သည်။ ဖခင်၏အမည်မှာ တီဗာဒါဖြစ်ပြီး မိခင်၏အမည်မှာ အီဇာဘတ် ဖြစ်သည်။ ပြည့်စုံကုံလုံသော ဘဝဖြင့် ကြီးပြင်းလာခဲ့ရသည်။ မိခင်ဘက်က ဓနဥစ္စာများကြောင့် ဖြစ်သည်။

         ဂျော့၏ဖခင် တီဗာဒါသည် ဖခင်ကောင်းဖြစ်သည်။ သားနှစ်ယောက်အား လိမ္မာယဉ်ကျေးသော သားများဖြစ်လာအောင် ငယ်စဉ်ကပင်ပြုစုပျိုးထောင်ခဲ့သည်။ တီဗာဒါသည် ဉာဏ်ပညာ အမြော်အမြင်လည်း ကြီးမားသည်။ နာဇီဂျာမဏီတို့၏ အန္တရာယ်ကိုကြိုမြင်ခဲ့သည်။ ထို့ကြောင့် ၁၉၃၆ ခုနှစ်ကပင် သူတို့၏ ဂျူးမျိုးရိုးအမည် ‘ဆပ်ချဝပ်စ်’ (Schwartz) မှ ဂျူးမျိုးရိုးအမည်မဟုတ်သော ‘ဆိုးရော့စ်’ (Soros) သို့ပြောင်းခဲ့ပြီးဖြစ်သည်။ ဂျူးဘာသာဝင်အဖြစ်မှ ခရစ်ယာန်ဘာသာဝင်အဖြစ် မှတ်ပုံတင်(အတု) များကို မိသားစုတစ်ခုလုံးကို ပြောင်းလဲကိုင်ဆောင်စေခဲ့သည်။ စာရွက်စာတန်း(အတု)များထဲမှ အချက်အလက်များကို တရေးနိုးထမေးဖြေနိုင်အောင် အလွတ်ကျက်မှတ်ထားစေခဲ့သည်။

         ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာသောအခါ နာဇီဂျာမဏီတို့ ဟန်ဂေရီနိုင်ငံကို သိမ်းပိုက်လိုက်နိုင်သည်။ အချိန်မရွေးဖမ်းပြီး အသတ်ခံရနိုင်သည်ကို ရိပ်စားမိသော တီဗာဒါက ဗျူဟာပြောင်းတော့သည်။ သူတို့မိသားစုတွင် ယောက္ခမ၊ ဖခင်၊ မိခင်၊ သားနှစ်ယောက် မိသားစုဝင် ၅ ဦးရှိသည်။ အတူတူနေနေကြရာမှ တစ်ဦးချင်းစီ တကွဲတပြားစီခွဲနေလိုက်ကြသည်။ ဂျူးမဟုတ်သော မိသားစုဝင်တို့၏နေအိမ်တွင် ငွေကြေးပေးပြီး ဖြန့်ခွဲနေစေခြင်းဖြစ်သည်။ အရာရာအားလုံးသည် ဖခင်တီဗာဒါ၏ စီမံခန့်ခွဲစေစားရာအတိုင်းသာ လိုက်နာလှုပ်ရှား ဆောင်ရွက်ကြရသည်။ အခြား ဂျူးများဖမ်းပြီး အသတ်ခံရချိန်တွင် တီဗာဒါတို့ မိသားစုဝင်အားလုံး နာဇီတို့ကို လက်တစ်လုံးကြား လှည့်စားပြီး အသက်ဘေးမှ လွတ်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ဂျော့အဖို့ ဖခင် တီဗာဒါ သည် သူရဲကောင်းပင်ဖြစ်သည်။

         ဤသို့ဖြင့် စစ်ကြီးပြီးသွားသည်။ ဂျော့တို့မိသားစုလည်း ကုန်းကောက်စရာမရှိတော့သော ဘဝသို့ ရောက်ရှိသွားတော့သည်။ ဂျော့သည် ကျောင်းအားချိန်များတွင် နိုင်ငံခြားငွေကြေးရောင်းဝယ်သော လုပ်ငန်းကို လုပ်ကိုင်လာသည်။ အစပထမတွင် ဈေးနိမ့်သော နေရာ တစ်ခုမှာဝယ်ပြီး ဈေးမြင့်သောနေရာ တစ်နေရာမှာ ပြန်ရောင်းရသည်။ ငွေကြေးစိုက်ထုတ် ပေးသူတွေရှိသည်။ ဂျော့သည် ဈေးကွက်ကို ပိုင်နိုင်လာသည်။ နောက်ပိုင်းတွင် ကိုယ်တိုင်ဈေးကွက်ကို သတ်မှတ်သူ အဆင့်ထိဖြစ်လာသည်။ ငွေကြေးဖောင်းပွခြင်း သဘောတရားများကို နားလည်လာသည်။ စီးပွားရေးအမြင်များ ကျယ်ကျယ်ပြန့်ပြန့် ရရှိလာသည်။ ဤကာလများကား စီးပွားရေး အတွေ့အကြုံများကောင်းစွာ ရရှိလိုက်သည့် ကာလာများပင်ဖြစ်သည်။ အနာဂါတ်ငွေကြေးလောကအတွက် တောက်တော့မည့်မီးခဲဘဝဟု ဆိုရပေမည်။

         သို့ရာတွင် ဂျော့ကား ရည်မှန်းချက်၊ ရည်ရွယ်ချက်ကြီးမားသည်။ ဤမျှဤဘဝ လောက်ကို ဖြင့် မတင်းတိမ်နိုင် မော်စကို သို့မဟုတ် အဂ်လန်သို့ သွားရောက်ခွင့်ပြုရန် ဖခင်အားပူဆာတော့သည်။ ဖခင်က မော်စကိုသို့ သွားခွင့်မပြု၊ အင်္ဂလန်ကိုမူသွားခွင့်ပြုသည်။ ဤသို့ဖြင့် ၁၆နှစ်သားအရွယ် သတ္တမတန်းတွင် ပညာသင်ကြားဆဲ ဂျော့သည် အင်္ဂလန်သို့ရောက်ရှိလာပေတော့သည်။


အင်္ဂလန်ရောက် ဂျော့ဘဝ -

        အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်သို့ ရောက်သောအခါ ဂျော့မှာ တောသားမြို့ရောက်လို အဖြစ်မျိုးနှင့်ကြုံ ရသည်။ မိမိ၏နေထိုင်ပုံ အကျင့်စရိုက်သည် လန်ဒန်နိုင်ငံမြို့သားတို့အတွက် ဂွတိဂွကျနိုင်သကဲ့သို့မျိုးဖြစ်နေသည်။ အမှန်ကမူ အင်္ဂလန်နိုင်ငံသည် စစ်ဒါဏ်ကို အကြီးကျယ်ခံစားခဲ့ရပြီး ချွတ်ခြုံကျနေချိန်ဖြစ်သည်။ သို့သော် လန်ဒန်သားတို့မှာ ဟိတ်ကြီးဟန်ကြီးနိုင်သည်။ လူအချင်းချင်း ခွဲခြားဆက်ဆံမှုမျိုးတွေရှိခဲ့သည်။ ဂျော့သည် လန်ဒန်တွင် ၉ နှစ်ကြာ နေထိုင်ခဲ့သည်။ ရောက်ခါစက ဆွေမျိုးအိမ်တွင် နေထိုင်ခဲ့သော်လည်း အဆင်မပြေသဖြင့် နောက်ပိုင်းတွင် တစ်ဦးတည်းသီးသန့် နေခဲ့သည်။ ပထမပိုင်းတွင် ဖခင်ထံမှငွေပို့ပေးနေသော်လည်း နောက်ပိုင်းတွင် ဖခင်ထံမှလည်း ငွေမပို့ပေးနိုင်တော့ပေ။

         စားဝတ်နေရေးနှင့် ကျောင်းစရိတ်အတွက် အလုပ်မျိုးစုံလုပ်ရသည်။ စားပွဲထိုး၊ သစ်သီးခူး၊ အိမ်ဆေးသုတ်၊ နောက်ပိတ်ဆုံး အပိုဝင်ငွေရရန် သင်္ချိုင်းတွင်ပင် အလုပ်လုပ်ခဲ့ရသည်။ ငွေကြေးမပြည့်စုံခြင်း၊ ရှက်ဖွယ်လိလိ အသက်မွေးဝမ်းကျောင်းပြုရခြင်း၊ လူရာမဝင်ခြင်းများကြောင့် လန်ဒန်တွင် နေထိုင်ရသည့်အချိန်ကာလများသည် ဂျော့အဖို့ အလွန်ပင် နာကျည်းမုန်းတီးစရာများ ဖြစ်ခဲ့သည်။ ဆယ်ကျော်သက်အရွယ်တွင် ဤကဲ့သို့ ကြုံတွေ့ခဲ့ရသော ခါးသီးဖွယ်ရာ အတွေ့အကြုံများက နောင်တစ်ချိန်တွင် လက်စားချေသည့်အနေဖြင့် အင်္ဂလန် ဘဏ်ကြီးကို ကောင်းကောင်းဒုက္ခပေးခဲ့လေသလားဟုပင် စာရေးသူထင်မှတ်မိပါသည်။

         ဒုတိယကမ္ဘာစစ်ကြီးပြီးကာစက ကမ္ဘာ့နိုင်ငံ အတော်များများမှ ပညာရှင်၊ ပညာတတ်များ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့သို့ စုရုံးရောက်ရှိလာသည်။ ထိုအထဲမှ ပညာတတ်ညာဏ်ကြီးရှင် အသိုင်းအဝိုင်းတစ်ရပ် ဖြစ်ထွန်း ပေါ်ပေါက်လာသည်။ ထင်ရှားသော ပုဂ္ဂိုလ်ကြီးများမှာ လျူးဝဒ်ဝင်ဂက်စတိန်း၊ ဘာထရန်ရပ်ဆယ်၊ ဂျွန်မေနဒ်ကိန်းစ် စသူတို့ဖြစ်သည်။

         ၎င်းအသိုင်းအဝိုင်းတို့ကိုကြည့်ပြီး အလွန်အားကျခဲ့ရသော ဂျော့သည် တစ်ချိန်ချိန်တွင် အတွေးအခေါ်ပညာရှင်တစ်ယောက် ဖြစ်လာစေရမည်ဟု သံဓိဌာန်ချမှတ်ထားခဲ့လေသည်။

         ထို့နောက် လန်ဒန်စီးပွားရေးတက္ကသိုလ်မှ ဘွဲ့ရခဲ့သည်။ ဘွဲ့ရပြီးနောက် အလုပ်ဝင်သောအခါတွင်လည်း မယ်မယ်ရရ အောင်မြင်မှုများမရခဲ့ပေ။ အဆင်မပြေမှုများနှင့်သာ ကြုံတွေ့ခဲ့ရပေသည်။ လန်ဒန်မှာနေစဉ် ငွေရေးကြေးရေး အရောင်းအဝယ်လုပ်ငန်းများသို့ ထဲထဲဝင်ဝင် စူးစမ်းလေ့လာခွင့်များ တွေ့ကြုံခဲ့သည်။

         ဤသို့ဖြင့်အသက် ၂၆ နှစ်အရွယ် ၁၉၅၆ ခုနှစ် စက်တင်ဘာလတွင် လန်ဒန်မြို့ကြီးကို ကျောခိုင်းကာ အမေရိကန်နိုင်ငံ နယူးယောက်မြို့ဆီသို့ ဦးတည်ထွက်ခွာသွားခဲ့ပေတော့သည်။


အမေရိကန်နိုင်ငံရောက် ဂျော့-

        ဂျော့တစ်ယောက် အမေရိကန်နိုင်ငံသို့ လူသစ်စိတ်သစ်ဖြင့် ရောက်လာခြင်းဖြစ်သည်။ ပထမဆုံး နယူးယောက်အခြေစိုက် F.M. Mayer ကုမ္ပဏီတွင် ဝင်ရောက်လုပ်ကိုင်သည်။ Firm Co ဖြစ်သည်။ ဂျော့အနေဖြင့် နယူးယောက်သို့ရောက်ပြီး ပထမ ၅ နှစ်အတွင်း ဒေါ်လာ ၅ သိန်းရအောင်လုပ်မည်ဟု ရည်မှန်းထားသော်လည်း တကယ်တမ်းတွင် ထိုမျှမကရရှိခဲ့သည်။ လုပ်ငန်းများအောင်မြင်ခဲ့သည်။ ဂျော့အမေရိကန် ရောက်ကာစ စူးအက်တူးမြောင်း အရေးအခင်းဖြစ်ပွားလာသည်။ ရေနံဈေးနှုန်းများတက်ကုန်သည်။ ဤအခြေအနေက လူသစ်တစ်ယောက်ဖြစ်သော ဂျော့အတွက် အခွင့်အလမ်း တစ်ရပ်ကို ဖန်တီးပေးသကဲ့သို့ ဖြစ်စေခဲ့သည်။

         နောက်ထပ်ကုမ္ပဏီတစ်ခုသို့ ပြောင်းရွေ့လုပ်ကိုင်ခဲ့ပြီးနောက် ဂျော့သည် ကိုယ်ပိုင် Fund များ ထူထောင်တော့သည်။ ပထမ Eagle Fund ကို 1967 ခုနှစ်တွင်လည်းကောင်း၊ ဒုတိယ Double Eagle ကို 1969 ခုနှစ်တွင်လည်းကောင်း ထူထောင်ခဲ့သည်။ တတိယ Fund ကို Hedge Fund ပုံစံဖြင့်ထူထောင်ခဲ့သည်။ ၎င်းမှာ 1973 ခုနှစ်တွင် ထူထောင်ခဲ့သော Quantum Fund ဖြစ်သည်။ ပထမပိုင်းတွင် Soros Fund ဟုအမည်တပ်ခဲ့ပြီး 1978 ခုနှစ်ကျမှ Quantum Fund ဖြစ်လာဖြင်းဖြစ်သည်။ ဂျော့ကို Quantum Fund ဖြင့်တွဲပြီး လူသိများသည်။

         ဂျော့အမေရိကန်နိုင်ငံသို့ ရောက်လာကာစက Currency Market မပေါ်ပေါက်သေးပေ။ Stock Market, Bond Market များသာရှိသေးသည်။ ဂျော့သည် အမေရိကန် ပြည်တွင်းဈေးကွက်မှာသာမက ဉရောပဈေးကွက်အထိ သွားရောက် လေ့လာစူးစမ်းပြီး အရောင်းအဝယ်များ ပြုလုပ်ခဲ့သည်။ နယူးယောက်မြို့ Wall Street မှာ ဂျော့ကျင်လည်ကျက်စားရာအရပ်ဒေသ ဖြစ်လာသည်။

         ဂျော့သည် ပဟေဠိ ဆန်သူဖြစ်သည်။ နားလည်ရခက်သည်။ လူအများနှင့် ထွေးရောစုယျက်တင် မနေတက် လျို့ဝှက် သိုသိပ်စွာနေတတ်သည်။ ဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်သော အခါ ပို၍သိုသိပ် သွားတော့သည်။

         ဂျော့၏ ငယ်က အကျင့်ဖြစ်သော ယှဉ်ပြိုင်ဘက်ကို အနိုင်ယူလိုသောစိတ်က ဤသို့သော ဈေးကွက်ထဲအထိ ပါလာသည်။ ဂျော့ထံမှ အကောင်းဆုံးပညာယူရန် အချက်တစ်ချက်မှာ- ကိုယ့်ကိုယ်ကို မညှာမတာ ဝေဖန်တတ်ခြင်းဖြစ်သည်။ ထိုအကျင့်က မှားယွင်းသော လုပ်ရပ်တစ်ခုမှ အကောင်းဆုံး သင်ခန်းစာ ဖော်ထုတ်နိုင်ခြင်းဖြစ်သည်။ ဤအချက်သည် ကျွန်တော်တို့လို Trader များအတွက် လွန်စွာ အသုံးဝင်သော အကောက်အယူပင်ဖြစ်သည်။ Trader လောကတွင် ယခု ကြုံတွေ့ရသောအမှားက ရှေ့အဖို့ အောင်မြင်မှုကို ပေးစွမ်းနိုင်သောကြောင့်ဖြစ်သည်။

         လွန်ခဲ့သော ၈ နှစ်ခန့်က ကျွန်တော် အစိုးရနေ့စဉ် သတင်းစာများတွင် စတော့အိပ်ချိန်းဆိုသည်မှာ ဟူသော ခေါင်းစဉ်ဖြင့် အခန်းဆက်ဆောင်းပါး ၃ ပုဒ်ရေးသားခဲ့ဖူးသည်။ အဆိုပါဆောင်းပါးထဲမှ တစ်ပိုဒ်တွင် ဂျော့ဆိုးရောစ့်သည် TA သမားဟုရေးသားခဲ့ဖူးသည်။ နောက်ပိုင်း ဂျော့အကြောင်း လေ့လာကြည့်သောအခါ ဂျော့သည် TA ထက် မေခရို အကောက်အယူများ အပေါ်တွင် ရပ်တည်ခြင်းဖြစ်ကြောင်း သိလာသည်။ ထို့အတွက် ဂျော့သည် စာအစုံ၊ သတင်းစုံ နှိုက်နှိုက်ချွတ်ချွတ် ဖတ်ရသည်။ တွေ့ရှိသော သတင်းအချက်အလက်ပေါ်မှ အကောက်အယူတို့ကို ဉီးနှောက်ဖြင့် ဆင်ခြင်တွက်ဆပြီး မှန်းဆချက်ဖြစ်လာသည်။ ထိုမှတစ်ဆင့် ခိုင်မာလာသောအခါ ဆုံးဖြတ်ချက်ဖြစ်လာခြင်းဖြစ်သည်။ ဥပမာအားဖြင့် ကမ္ဘာ၏ ဒေသနေရာ တစ်ခုခုတွင် စစ်ရိပ်စစ်ငွေ့များ သန်းလာပြီး စစ်ဖြစ်ဖို့ ရာနှုန်းအတော်ပင်မြင့်မားနေပြီဟု မြင်ရသောအခါ အဆက်အစပ်ရှိသော စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီတို့၏ ရှယ်ယာ တို့တွင် ဝင်ရောက် ရင်းနှီးမြုပ်နှံခြင်းဖြစ်သည်။ အဆိုပါရှယ်ယာကို ရေရှည်ကိုင်ဆွဲထားဖို့မဟုတ် ဈေးတက်လာပြီး ကြိုက်ဈေးရသည့်အချိန်တွင် ရောင်းပြီး ပြန်ထွက်သွားမှာဖြစ်သည်။ ဝါရင်းဘတ်ဖက်၏ Strategy နှင့် ကွဲခြားသည်မှာ ဘတ်ဖက်က နှိုင်းရအသာစီးရသော ကုမ္ပဏီ၏ ရှယ်ယာကို ရနိုင်သမျှ များများရအောင် ဝယ်ထားပြီး နှစ်ဆယ်ချီကြာအောင် ကိုင်ထားသည့် Strategy ဖြစ်သည်။

         ဤသို့ဆိုလျှင် ဤလောကမှ Billionare သူဌေးကြီး ၂ ဦး၏ ရောင်းဝယ်ပုံ Strategy ကွာခြားချက်ကို စာရှုသူ ဆဝါးနိုင်လိမ့်မည် ထင်ပါသည်။

         ထို့အပြင် ဂျော့က ဉာဏ်ပညာထက်မြတ်သူဖြစ်သည်။ ပညာအပေါ်မှာသာ ရပ်တည်သူဖြစ်သည်။ ကမ္ဘာ့ငွေကြေး စီးဆင်းမှုတစ်ခုလုံးကို သဲသဲကွဲကွဲကြည့်မြင်နိုင်သူဖြစ်သည်။ ဈေးကွက်ထဲတွင် အရှုံးပေါ်နေလင့်ကစား သွေးအေးအေးနှင့် တုံ့ပြန်နိုင်စွမ်းရှိသည်။ တစ်နေ့ထဲနှင့် ဒေါ်လာသန်း ၆ဝဝ ရှုံးဖူးသည်။ အေးအေးဆေးဆေးပင် နေနိုင်စွမ်းရှိသည်။ ဈေးကွက်၏ဖိအားကို ခံနိုင်ရည်ရှိသည်။ Trading Psycho ကို ပိုင်နိုင်သည်။ သို့ရာတွင် သူ၏ Fund များထဲမှ လူသားအရင်းအမြစ်များကို ကိုင်တွယ်ရာတွင်မူ အားနည်းသည်။ သည်အချက်ကို သူကလည်း ဝန်ခံသည်။ ထို့ကြောင့်ပင် သူ၏ လက်ထောက်များမှာ မမြဲကြပါ။

         မည်သို့ပင်ဖြစ်စေ သူ၏ Quantun Fund သည် ၁ဝ နှစ်တာကာလအတွင်း 4,200 % မျှ အမြတ်ဝင်ငွေ ရရှိခဲ့သည်။ သူ၏ စွမ်းဆောင်ရည်ပင်ဖြစ်သည်။ (ယခု 2020 ခုနှစ် ဧပြီလထုတ် Forbes မဂ္ဂဇင်းကြီးထဲတွင် ဖေါ်ပြချက်အရ ဂျော့ပိုင်ဆိုင်မှုမှာ $ 8.3 billion ဖြစ်သည်။ အမေရိကန် သူဌေးကြီးများထဲတွင် အဆင့် ၅၆ နေရာတွင်ရှိနေသည်။)


ကမ္ဘာကြီးကို အပြောင်းအလဲ ဖြစ်ပေါ်စေသော ဖြစ်ရပ်တစ်ခု

        ၁၉၇၂ ခုနှစ်တွင် နယူးယောက်အခြေစိုက် “ ပထမ အမျိုးသားမြို့တော်ဘဏ်” က စတော့ရှယ်ယာများကို သုံးသပ်အကဲဖြတ်ရန်အတွက် ညစာစားပွဲတစ်ရပ် ကျင်းပခဲ့သည်။ ထိုပွဲတွင် ဂျော့ဖိတ်ကြားမခံရ။ ဝိုင်းပယ်ခံရသည်ဟု ဂျော့ ခံစားရသည်။ (ထိုအချိန်တွင် ဂျော့မှာ ငွေကြေးလောကတွင် အောင်မြင်သူတစ်ယောက် ဖြစ်နေပြီ) ဤသို့ဖြင့် ယခင်က စိတ်ဝင်စားခြင်းမရှိခဲ့သော ဘဏ်လုပ်ငန်းများ အကြောင်းကို ထဲထဲဝင်ဝင်လေ့လာပေတော့သည်။

         အမှန်စင်စစ် ထိုနှစ်သည် ကမ္ဘာတွင် ကျင့်သုံးလာခဲ့သော Bretten Woods System ပျက်သုန်းသွားပြီးနောက် ပုံသေငွေလဲလှယ်နှုန်းထားမှ နှုန်းရှင်ငွေလဲလှယ်သည့် စနစ်သို့ စတင်ကျင့်သုံးကာစဖြစ်သည်။ တနည်းအားဖြင့် Currency Market စတင်ပေါ်ပေါက်လာကာစဖြစ်သည်။ (အကျယ်ကို ကျွန်တော်ရေးသားခဲ့သော “Currency Market” စတင်ပေါ်ပေါက်လာပုံအကြောင်းဆောင်းပါးတွင် ဖတ်ရှုနိုင်ပါသည်။)

         ဤဖြစ်ရပ်က ဂျော့ကို Currency Market ကဲ့သို့ ဝင်ရောက်စေဖို့ တွန်းအားတစ်ရပ်လို ဖြစ်ခဲ့သည်။ 


ဗြိတိသျှ ငွေကြေးပေါင်စတာလင်ကို အရောင်းအဝယ်ပြုလုပ်ရန် ချဉ်းကပ်ခြင်း

        ပထမဦးစွာ သူ၏မိတ်ဆွေ ဘေမေးနက်စ်မှတဆင့် ဝါရှင်တန်ဒီစီ အခြေစိုက် Brookings Institution သို့ ချဉ်းကပ်ပြီး ဗြိတိန်နိုင်ငံ၏ အနာဂါတ်စီးပွားရေးကို လေ့လာသုံးသပ် အကဲဖြတ်ပေးဖို့ ကြိုးပမ်းသည်။ ၎င်း၏ ပွင့်လင်း လူ့အဖွဲ့အစည်းရန်ပုံငွေအဖွဲ့မှတဆင့် အောက်စဖို့ဒ်မြို့အနီးမှာရှိသော ဝန်ကြီးချုပ် ဝင်စတန်ချာချီ စစ်အတွင်းက နေထိုင်ခဲ့သော တောရပ်စံအိမ်ပြုပြင်ရေးအတွက် ဒေါ်လာတစ်သိန်းလှူဒါန်းသည်။ ၎င်းကို အကြောင်းပြုပြီး ဗြိတိန် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အရာရှိကြီးများနှင့် သိကျွမ်းခွင့်ရသည်။ထိုမှ ဗြိတိန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ပြုပြင်ပြောင်းလဲမည့် အစီအမံများကို သိခွင့်ရသွားတော့သည်။

နောက်ခံအကြောင်းတရား-

        ထိုအချိန်အခါက ဥရောပတွင် တစ်ခုတည်းသော ဘုံငွေကြေး(ယူရိုငွေကြေး)မပေါ်ပေါက်သေးပေ။ ယူရိုငွေ ပေါ်ပေါက်လာစေရန် ကြိုးပမ်းဆောင်ရွက်နေသည့် အချိန်အခါဖြစ်သည်။ ဥရောပနိုင်ငံများ အချင်းချင်း ၎င်းတို့၏ ငွေကြေးအချင်းချင်းကို လဲလှယ်နှုန်း အသီးသီးဖြင့် ပဏာမချိတ်ဆက်ထားပြီး ဖြစ်သည်။ ငွေကြေးလဲလှယ်နှုန်း အသီးသီးကို ၆ % Range ဘောင်အတွင်းထက် မပိုစေရန် သတ်မှတ်ထားကြသည်။ ပြီးနောက် ဥရောပနိုင်ငံများအားလုံး ယူရိုငွေကြေးတစ်မျိုးတည်းကိုသာ သုံးစွဲကြတော့မှာဖြစ်သည်။

         ထိုစဉ်က ဗြိတိသျှပေါင်စတာလင် တစ်ပေါင်လျှင် ဂျာမန် မတ်ငွေ ၂.၉၅ ဖြင့် ချိတ်ဆက်ထားခြင်းဖြစ်သည်။ သို့ရာတွင် ပြဿနာတစ်ရပ်ရှိနေသည်။ ဗြိတိန်နိုင်ငံ၏ ငွေဖောင်းပွမှုနှုန်းမှာ ဂျာမဏိနိုင်ငံ၏ အတိုးနှုန်းထက် ၃ ဆ ပိုမို များပြားနေပြီး ဗြိတိန်နိုင်ငံ၏ အားကောင်းနေသော စီးပွားရေးမှာလည်း ထိန်းမနိုင်သိမ်းမရ ဖြစ်လာကာ ပေါက်ကွဲထွက်တော့မည့် (ထိုးကျတော့မည့်) အခြေအနေနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။

        ဤအခြေအနေကို သိရှိသွားသော ဂျော့ (တို့ Trader တစ်စု)က ပေါင်စတာလင်နှင့် ချိတ်ဆက်ထားသည့် ဂျာမန် မတ်ငွေ , အီတလီငွေကြေး, ပြင်သစ်ငွေကြေး စသည်တို့ဘက်မှဝင်၍ Short Selling ပြုလုပ်ကြပေတော့သည်။ ထိုစဉ်က Short Position တို့၏ တန်ကြေးမှာ ၁ဝ ဘီလီယံဒေါ်လာထက်ပိုသည်ဟုဆို၏။

         ဗြိတိန်ဝန်ကြီးချုပ် ဂျွန်မေဂျာနှင့် ကက်ဘိနက်အဖွဲ့က ပေါင်စတာလင်တန်ဖိုး ကျဆင်းလာမှုကို ကျားကန်ရန် ပေါင်စတာလင် ဘီလီယံနှင့်ချီ၍ ထပ်မံသုံးစွဲရန် ဆုံးဖြတ်ခဲ့သည်။ ပြီးနောက် ၎င်းတို့၏ ငွေတန်ဖိုး ပြန်တက်လာစေရန် အတိုးနှုန်းကို ၁ဝ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးခဲ့သည်။ သို့ရာတွင် Trader တို့က ဤကိစ္စရပ်အပေါ် အကျိုးသက်ရောက်လိမ့်မည်ဟု မယုံကြည်ကြ။ Short Selling ကို ဆက်လက်ဆုပ်ကိုင် ထားကြသည်။ နောက်ဆုံးတွင် ပေါင်စတာလင်(GBP) သည် ယူရိုငွေကြေးနှင့် ပါဝင်ချိတ်ဆက်မည့် အစီအစဉ်မှ ထွက်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ရတော့သည်။ (အကယ်၍သာ ဤဖြစ်ရပ်ကြီးမပေါ်ပေါက်လာခဲ့ပါလျှင် GBP သည်လည်း EUR နှင့် ရောပေါင်းသွားပြီး ယခုကျွန်တော်တို့ အရောင်းအဝယ်ပြုလုပ်နေသော ငွေမာ ၈ မျိုးမှာ တစ်မျိုးလျော့ပြီး ငွေမာ ၇ မျိုးသာ ဖြစ်လာမှာ ဖြစ်ပါသည်။) အင်္ဂလန်ဘဏ်ကြီးသည်လည်း ငွေကြေးမြောက်များစွာ ဆုံးရှုံးသွားပေတော့သည်။

         ဂျော့သည် ထိုကစားပွဲကို $ 1.5 သန်း အရင်းအနှီးပြုခဲ့သည်။ $ 2 Billion မြတ်စွန်းခဲ့သည်။ ထိုဖြစ်ရပ်ကြီးပြီးသောအခါ ဗြိတိန်ဝင်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးတို့ အရှက်တကွဲဖြစ်ကြရသည်။ ဗြိတိန်နိုင်ငံသည်လည်း စီးပွားရေးကျဆင်းသွားပြီး Recession ကြီး ဝင်သွားတော့သည်။ ဂျော့ဆိုးရော့စ်ကား နာမည်ပြောင်တစ်ခု ရလိုက်တော့သည်။ “ The Man Who Broke The Bank of England” ဟူသတည်း။


နောက်တစ်ပွဲ ၁၉၉၇ ခုနှစ် အရှေ့တောင်အာရှ ငွေကြေးအကြပ်အတည်း

        ထိုစဉ်အချိန်အခါက အရှေ့တောင်အာရှနိုင်ငံများသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာသော ပွင့်သစ်စနိုင်ငံများ ဖြစ်သည်။ သို့ရာတွင် ငွေကြေးပညာနှင့် အတွေ့အကြုံတို့တွင် အားနည်းနေကြောင်း ဂျော့က သိနေသည်။ ထို့ကြောင့် ထိုင်းဘတ် (USDTHB) , မလေးရှားရင်းဂစ် ( USDMYR) , အင်ဒိုနီးရှားရူပီး(USDIDR), စင်ကာပူဒေါ်လာ (USDSGD) တို့တွင် ဝင်ရောက် အရောင်းအဝယ်ပြုလုပ်ပြီး အမြတ်ထုတ်တော့သည်။ ယခုတစ်ခါ သူကျင့်သုံးသော Strategy က တစ်မျိုးဖြစ်သည်။

         ဂျော့က သက်ဆိုင်ရာနိုင်ငံ အသီးသီး၏ ဘဏ်ကြီးများတွင် အမေရိကန်ဒေါ်လာကို ငွေသားအနေဖြင့် စတင်အပ်နှံလိုက်သည်။ ပမာဏများသော ငွေသားများဖြစ်သည်။ ငွေလက်ခံရရှိသော ဘဏ်တွေက ဝမ်းသာအားရ လက်ခံလိုက်သည်။ အတိုးပေးရမှာဖြစ်၍ ဘဏ်တို့၏ ထုံးစံအတိုင်း ပြင်ပသို့ ပေးရမည့် အတိုးနှုန်းထက် မြင့်မားသော အတိုးနှုန်းဖြင့် ထုတ်ချေးတော့သည်။ ကာလတစ်ခုကို ဂျော့က စိတ်ရှည်လက်ရှည်စောင့်နေသည်။ လုံလောက်သော ကာလတစ်ခုသို့ ရောက်သောအခါသူ၏ ငွေများကို ပြန်ထုတ်ပေးရန် ဘဏ်များသို့ တောင်းဆိုလေတော့သည်။ ဘဏ်တို့ အကြပ်အတည်းပေါ်တော့သည်။ ပြန်ပေးစရာ ဒေါ်လာငွေကြေးက သူတို့ဘဏ်တွေထဲတွင် အလွန်လျော့နည်းနေပြီ။ ပြင်ပတွင် ဒေါ်လာငွေများကို အသည်းအသန် ပြန်ဝယ်ရတော့သည်။ လွယ်လွယ်နှင့် ဝယ်မရနိုင်တော့ပါ။ ထုတ်ချေးထားသော ဒေါ်လာငွေကြေးများကား နိုင်ငံတကာ အသီးသီးသို့ ကာလတာရှည်ကတည်းက စီးထွက်သွားခဲ့ပြီး ဖြစ်သည်။ ပြည်တွင်းငွေကြေးနှင့် ဒေါ်လာလဲလှယ်မှုတွင် ဒေါ်လာ၏ ဈေးနှုန်းတို့က အဆမတန် ထိုးတက်သွားတော့သည်။ ထိုမတိုင်မီကတည်းက ဂျော့က သက်ဆိုင်ရာငွေကြေးအတွဲအသီးသီးတွင် Buy Position ကို Lot Size ကြီးများဖြင့် ဝင်ထားပြီးဖြစ်သည်။ ဒီတစ်ခါတော့ ဂျော့ မည်မျှမြတ်စွန်းသည်ကို မသိရတော့ပေ။

         ဤဖြစ်စဉ်ကြီး ဖြစ်ပွားပြီးနောက် အရှေ့တောင်အာရှဒေသတွင် စီးပွားရေးကျဆင်းမှုကား Recession အဆင့်သာမကပဲ Crisis အဆင့်အထိသို့ ရောက်ရှိသွားပါတော့သည်။ ဒေသအတွင်း လူအများ အလုပ်လက်မဲ့ ဖြစ်ကုန်သည်။ ကုမ္ပဏီများ ဒေဝါလီခံကြရသည်။ ဘဝပျက်ကုန်ကြရသည့် လူတွေ ဒုနှင့်ဒေး ဖြစ်ကုန်သည်။

         သူတည်း တစ်ယောက်ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်းဟူသော စာ,စကားရှိခဲ့ရာတွင် ယခုဖြစ်ရပ်၌ ပျက်လင့်ခဲ့သော သူတို့မှာ ထောင်ချီရှိခဲ့ကြသည့် အဖြစ် ဖြစ်ပါသည်။

        သူဌေးကြီး ဂျော့ဆိုးရော့စ်သည် လှူဒါန်းသည့်နေရာ၌ မေတ္တာရှင်ဘွဲ့ရသူ ဖြစ်ပါသည်။သို့သော်…

         ထိုသို့သော်ကို ကျွန်တော် ဆက်ပြီး မရေးချင်လှတော့ပါ။


မေတ္တာဖြင့်

                ဦးခိုင်ဇင်ဝင်း

                 ၁၈.၈.၂ဝ၂ဝ ရက်နေ့ (အင်္ဂါနေ့)

(စာကိုး     - (ဆရာ)ကျော်ထက်ထွန်း၏ “ဂျော့ဆိုးရော့စ်(သို့မဟုတ်) မေတ္တာရှင် သန်းကြွယ်သူဌေးကြီး”

                   - JEA YU ၏ “How George Soros Got Rich”

                   - JAMES KERIN ၏ “Buffett Vs Soros : Investment Strategies” )

                    ၁၉၉၇ ခုနှစ် အာဆီယံငွေကြေး အကြပ်အတည်းကြီးတွင် ဂျော့ကျင့်သုံးလုပ်ကိုင်သွားပုံကို ထိုစဉ်က မြန်မာနိုင်ငံတွင် ပြည်တွင်းပြည်ပနိုင်ငံခြားငွေကြေး အရောင်းအဝယ်ပြုလုပ်နေသော ကျွန်တော်၏မိတ်ဆွေ ကိုဟန်လှ ပြောပြချက်များကို ကိုးကားပါသည်။ 

#MyGoldMyanmar

#Financial

#Trading

#Forex

#Stock

#Commodity

#Currency